Thursday, February 8, 2018
အလဘောလောကဓံသို့ခြင်းနင်းဝင်ရောက်လာသူတစ်ယောက်အကြောင်း
မောဟနယ်သို့ ချဉ်းကပ်မိခြင်း
          သင်ခန်းစာယူရမည့် ဇာတ်လမ်းတစ်ပုဒ်။
          အတုယူမယ်ဆိုလည်း ယူစရာ၊ လောကမှာ လုပ်တိုင်းမဖြစ်တာတွေရှိတယ်။ ဥာဏ်ကောင်းပေမဲ့ ကံ မကောင်းခဲ့ရင် ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာနိုင်ဘူး။
          ပိုဆိုးတာက လောကဓံ(၈)ပါး သက္ခတ်ဗေဒင် ပညာမှာ ''အလဘော''လို့ ကြာသပတေးသက္ခတ် ရောက်လာရင် ရောက်လာသမျှ လူအားလုံး မောဟအားကြီးလာကြတာပဲ။
          သူ့နာမည်က ယွန်းမှီမှီ။
          ဗုဒ္ဓဟူးသမီး။
          တကိုယ်တော် လူစွမ်းကောင်း၊ အုပ်စုဗိုလ်လုပ်ချင်သူ ။ မဟာဘုတ်ဇာတာက (၂) ကြွင်း။
          တယူသန်စိတ်ရှိပြီး ဘယ်သူ ဘာပြောပြော လက်ခံလိုသူ မဟုတ်။ သူသိ၊ သူတတ်၊ သူပဲတော် ကျန်သူတွေ တစ်ကမ္ဘာလုံးငတုံး။
          ရောက်နေတဲ့သက္ခတ်က အလဘော (ကြာသပတေး) နယ်မြေ (၄၃)နှစ်။ သူက စင်ကာပူသွားချင် လို့တဲ့။
          ကျွန်ုပ်ကလည်း ထောက်ခံလိုက်ပါတယ်။ သွားပါ ၊ ရှိပစ္စည်းကုန်မယ်လို့။
          သူကပြောတယ်။ ကုန်စရာမလိုဘူးတဲ့ ၊ ဟိုရောက်မှ ကုန်ကျစရိတ်ကို အလုပ်လုပ်ရင်း ပြန်ဆပ်လို့ ရတယ်တဲ့။
          အဲဒါက လောကဓံကို အဆစ်တောင်းနေတာ ဟိုရောက်မှ အလုပ်,လုပ်ရင်း ပြန်ဆပ်လည်း အလကားမှ မဟုတ်တာ။ ကုန်မှာပဲ။
          ပြီးတော့ ထပ်ပြီး အဆစ်တောင်းသေးတယ်။
          ဆရာတဲ့ ၊ ဘာပဲဖြစ်ဖြစ် ၊ နိုင်ငံခြားကို ထွက်ချင်တယ် ၊ ဆရာမတားပါနဲ့တဲ့။ သူ့ကိုထွက်သွားရ လွယ်ကူအောင် ယတြာပြုပေးပါတဲ့။ အကယ်၍ အမှားအယွင်း တစ်ခုခုဖြစ်ခဲ့ရင်တောင် သူဖြစ်သူခံပါ့မယ်တဲ့။
          ရော …. ခက်ပါပြီ ၊ မိန်းကလေးရယ်။
          အန္တရာယ်ရှိပါတယ်။ ရှိပစ္စည်းကုန်ပါမယ့်လို့ ပြောနေတာတောင် သွားမယ်ဆိုတာကြီးပါပဲ၊ မောဟ နယ်မြေရဲ့ ဆွဲအားထင်ပါရဲ့။
          ကျွန်ုပ်တို့၏ လောကဓံ (၈)ပါး သက္ခတ်ဗေဒင် ပညာမူအရ အလဘော လောကဓံသည် ဂြိုလ်အား ဖြင့် ကြာသပတေးဂြိုလ်ဖြစ်ပြီး ဓာတ်သဘောအားဖြင့် ဂဗ္ဘေမြေပျော့ဓာတ်ဖြစ်ပါသည်။ မြေသဘောမှာ နှုန်းမြေ ဖြစ်သောကြောင့် ၄င်းနယ်မြေသို့ ရောက်ရှိသူအားလုံး လှုပ်၍ မရပါ။ လှုပ်လေ မြုတ်လေ ဖြစ်တတ် ပါသည်။
 ကြာသပတေးဂြိုလ်၏ ဆွဲအားမှာ နှုန်းဖြေဖြစ်သောကြောင့် ၄င်းနယ်မြေထဲရောက်သူအားလုံး ရုန်း ထွက်ကြသည်။ လှုပ်ကြည့်သည်။ ထို့ကြောင့် ရုန်းလေ နစ်လေဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ ကျဆုံးကြရ၏။ ရှိပစ္စည်းကုန်ကြရ၏။ အိမ်ရောင်း၊ မြေရောင်း၍ စီးပွားရေးလုပ်ကြ၏။ အိမ်တစ်လုံးပျောက်သွားသည်။ အိမ်လည်းပျောက် ၊ ငွေလည်းပျောက် ၊ ရှေ့တိုးရခက် ၊ နောက်ဆုတ်ရခက်နယ်မြေဖြစ်ပါသည်။
          နောက်ဆုံးပြောမရသဖြင့် ကျွန်ုပ်သည် ယွန်းမှီမှီ၏ အလိုကို လိုက်ကာ နိုင်ငံခြား အမြန်ထွက်စေရန် ဓာတ်ဆင်လိုက်ရ၏။
          သူကလည်းပြောပါတယ်။ ဆရာတဲ့ ….. ဖြစ်ချင်ရာဖြစ် သူခံမယ်တဲ့။ နိုင်ငံခြားရောက်ရင် ပြီးရောဆိုပဲ။
          ကျွန်ုပ်လည်း စွမ်းသလောက်လုပ်ပေးလိုက်၏ ။
          တစ်လလောက်အကြာတွင် ယွန်းမှီမှီ တစ်ယောက် နိုင်ငံခြားသို့ ထွက်ရန် သေချာပြီဆိုသော သတင်းကြားလိုက်ရ၏။
          (၆)လခန့်ကြာမည်ဟု ကျွန်ုပ်ထင်သည်။
          အိမ်မှာ ဧည့်သည်ရောက်နေသည်ဟု ကျွန်ုပ်၏ သမီးငယ် မေဇင်စိုးထွဋ်လာရောက်ပြော၍ လမ်းထိပ် လက်ဖက်ရည်ဆိုင်မှ ခပ်သုတ်သုတ်အိမ်သို့ပြန်ခဲ့ရ၏။ အိမ်သို့အရောက် အိမ်ရှေ့ဟောခန်းထဲတွင် ထိုင်နေ သော မိန်းကလေးအား မြင်ဖူးသည်ဟု ကျွန်ုပ်ထင်နေရာ ….
          ''သြော် … ဘယ်သူများလည်းလို့ ယွန်းမှီမှီပါလား''
          ''ဆရာ နေကောင်းတယ်နော်''
          ''အေး …. ဒါနဲ့ မင်းစင်္ကာပူသွားဖြစ်တယ်ဆို ၊ ဘယ်တုန်းက ပြန်ရောက်နေတာလဲ''
          ''မနေ့က ပြန်ရောက်တာ ဆရာ။ ရောက်ရောက်ချင်း သတိရတာနဲ့ ဒီနေ့ထွက်လာခဲ့တာ''
          ''ဆိုပါဦး ၊ ဘယ်လိုဖြစ်လို့ ဒီကိုပြန်လာတာလဲ။ ဟိုမှာ အဆင်မပြေလို့လား''
          ''ဆိုပါတော့ ဆရာရယ်။ ကျွန်မ အစအဆုံးရှင်းပြပါ့မယ်။ ကျွန်မတို့ ဒီကမထွက်ခင် ကုမ္ပဏီနဲ့ စာချုပ်ချုပ်တုန်းကတော့ ဟိုမှာ နာ့(စ်)အနေနဲ့ လုပ်ဖို့ပဲ။ ဟိုကျတော့ ဗြုန်းကနဲ အလုပ်မ၀င်ရသေးဘူး။ ဟိုမှာ နေစရိတ်၊ စားစရိတ်ကလည်း ကြီးတော့ ပွဲစားက အိမ်တစ်အိမ်မှာ အိမ်ဖော်အနေနဲ့ ခဏ၀င်လုပ်ဖို့ ပြောတယ်။ ကျွန်မလည်း အဲဒီမှာတင် အလိမ်ခံရပြီဆိုတာ သိလိုက်ရတယ်။ ဒါပေမဲ့ မလုပ်လို့လည်း မရတော့ဘူး။ နေဖို့၊ စားဖို့ရှိသေးတယ်။ ကျွန်မ အလုပ်သွားလုပ်မဲ့ အိမ်မှာက အိမ်ရှင်သူဌေးနဲ့ သူ့မိန်းမ နှစ်ယောက်ပဲနေတာ။
          တစ်နေ့ သူ့မိန်းမက အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတော့ အိမ်ရှင်သူဌေးက ကျွန်မကို မတော် မတရား လုပ်ဖို့ကြံစည်တယ်လေ။ ကျွန်မလည်း ဟင်းချက်တဲ့ သားလှီးဓားနဲ့ကိုင်ပြီး ကိုယ့်အရှက်ကို ကာကွယ်ခဲ့ရတယ်။ ဘာမှတော့ မဖြစ်လိုက်ဘူး။သူလည်း ကျွန်မ လက်မခံမှန်းသိတော့ လက်လျော့သွားပုံ ရတယ်။ ကျွန်မလည်း နောက်တစ်နေ့မှာ ပွဲစားကိုပြောပြပြီး ကိုယ့်မြန်မာနိုင်ငံကို ပြန်ခဲ့ရတယ်''
          '' အင်း ---- မင်းကိစ္စကရင်မောစရာကြီးပါလား ဒါပေမဲ့ ပြဿနာမရှိဘူး မဟုတ်လား။ ကိုယ်မှ ငွေ မစိုက်လိုက်ရတာ''
          ''အာ ---- ဆရာကလည်း ဘယ်ကလာပြဿနာ မရှိရမှာလဲ၊ ပွဲစားက လိမ်တာက သတ်သတ်လေ။ ဒီမှာက ကုမ္ပဏီကို ငွေရှင်းရမှာ က ရှင်းရမှာပဲ''
          ''ဟော''
          ''အဲဒါပေါ့ ဆရာရယ်။ ကျွန်မလည်း ဆရာ့စကားနားမထောင်လိုက်တာ''
          ''အင်း ---- ကဲပါလေ မင်းအခု ဘာလုပ်မလဲ စိတ်ကူးလဲ''
          ''ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူး ဆရာရယ်။ ဒီမှာရှိတဲ့ ရွှေတွေရောင်းပြီး ကုမ္ပဏီကို ကြွေးဆပ်လိုက်ရင် လက်ထဲမှာ ငွေကျန်မရှိတော့ဘူး''
          ''အဲဒါဆို မင်းပထမလုပ်တဲ့ လုပ်ငန်းဟောင်းပဲ ပြန်လုပ်ပေါ့။ နောက်ပိုင်း မွေးလကျော်မှပဲ အခြားလုပ်ငန်း ပြောင်းလုပ်ဖို့ ဆရာစီစဉ်ပေးမယ်''
        ကျွန်ုပ်နှင့် ယွန်းမှီမှီဆိသော မိန်းကလေးသည် မွေးလကျော်သွားသောအခါ 
တစ်ကြိမ်ပြန်လည် တွေ့ဆုံ၍ ထပ်မံဆွေးနွေးဖြစ်ကြ၏ ။ ၄င်းအား ကုမ္ပဏီတစ်ခုမှ လုပ်ငန်းတွဲလုပ်ရန် ကမ်းလှမ်းလာသောအခါ ၄င်းလုပ်ငန်းအား ကျွန်ုပ်ကိုယ်တိုင် တိုက်တိုက်တွန်းတွန်းလုပ်ခိုင်းရာ ယခုဆိုလျှင် ၄င်းကုမ္ပဏီတွင် လခသိန်းပိုင်းရသော ၀န်ထမ်းတစ်ယောက်အဖြစ် ရပ်တည်နေလေပြီ။
          ဆိုလိုသည်မှာ မေဟနယ်မြေသို့ ရောက်လာသူများ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတို့၏ ဆုံးမ မှုကို ခံယူပြီး မိမိလုပ်သော လုပ်ငန်းများကို လုပ်သင့်မလုပ်သင့်။ တိုးချဲ့သင့်၊ မတိုးချဲ့သင့် အစရှိသည် တို့ကို ချိန်ဆရန်လိုပါသည်။
          ကြာသပတေးနယ်မြေအား သုံးတန်းပေါ်နည်းအရ တွက်ချက်ကြည့်လျှင် ကြာသပတေးဂြိုလ်သည် နိစ်ကြီးထဲတွင် ရှိနေသောကြောင့် တယူသန်စိတ်ဖြစ်တတ်ပါသည်။ ဘယ်သူဘာပြောပြော လက်မခံ။ ကိုယ်ထင်ရာ ကိုယ်လုပ်တတ်ပါသည်။
          ကျွန်ုပ်၏ ဗေဒင်သက်တမ်းတစ်လျှောက်တွင် ၄င်းနယ်မြေထဲ ရောက်လာသူတစ်ယောက်၏ ဇာတ်လမ်းမှာ အလွန်ဝမ်းနည်းဖွယ်ရာ ကောင်းလှပါသည်။
          သူ၏ကံဇာတာကို ကျွန်ုပ်အား စစ်ဆေးပေးရန်ခွင့်ပန်လာသော နေ့တစ်နေ့ ကျွန်ုပ်က ၄င်း၏ ကံဇာတာမှာ  အလဘော (ကြာသပတေး) နယ်မြေထဲရောက်ရှိနေ၍ ငြိမ်ငြိမ်နေရန် အကြံပေးလိုက်ပါသည်။
          (၂)လ၊ (၃)လခန့်တွင် အတိုးစားရသည်။ နောက်ပိုင်း ၄င်းဘဏ်ဆိုသည်မှာ (အတု)ကြီးဖြစ်နေ၍ လူလိမ်ခံရပြီး ၄င်းငွေသိန်း(၁၅၀)မှာ ရေထဲပြစ်ချလိုက်သလို ဖြစ်သွား၏ ။
          သူတို့မိသားစုမှာလည်း အိမ်ပိုင်ဘ၀မှ အိမ်ငှားဘ၀သို့ ပြောင်းလဲသွားပါသည်။ သူ့ယောကျာ်း လည်း အဲဒီစိတ်နဲ့ အိပ်ရာထဲလဲကာ နောက်ပိုင်းဆုံးပါးသွား၏။
          သူနှင့် ကလေးနှစ်ယောက်
          အရင်တုန်းက သူဌေး၊ အခုတော့ လမ်းဘေးမှာ အသုတ်၊ မုန့်ဟင်းခါး ရောင်းနေရသည်။
          ကျွန်ုပ်နှင့် ပြန်ဆုံကြသောအခါ
          သူကမပြောပါနှင့် ဟုဆိုသော်လည်း ကျွန်ုပ်ကတော့ ကမ္ဘီရဆန်းကြယ်စာဖတ်ပရိသတ်ကြီးသိ အောင် ဗဟုသုတအောင်တော့ နည်းနည်းပြောချင်တယ်။
          မောဟနယ်မြေဖြစ်သော (ကြာသပတေး)ဂြိုလ်သို့ ရောက်ရှိလာပါက အိမ်ရောင်း၊ ကားရောင်း၍ စီးပွားတိုးချဲ့လို့မရပါ။ စပ်တူလုပ်၍ မရပါ။ လူလိမ် လူကောက်များနှင့် တွေ့နိုင်ပါသည်။ စီးပွားရေးလုပ်ငန်း များကိုလည်း မတရားမလုပ်ပါနှင့်။ ငြိမ်ငြိမ်နေပါ။ လက်ထဲတွင်ရှိသော ရွှေများပင် အလိုလိုနေရင်း ကျ ပျောက်ခြင်း၊ အပေါင်ဆိုင်သို့ ရောက်ခြင်း၊ ငွေခက်ခဲလို့ ရောင်းချခြင်းများ ဖြစ်တတ်ပါသည်ဟု သတိပေး လိုက်ရပါသည်။
(၇)ရက်သားသမီးများ
မောဟနယ်မြေ (ကြာသပတေးဂြိုလ်)သို့
ရောက်ရှိလာသော အသက်အပိုင်းအခြားများ
   တနင်္ဂနွေ သားသမီးများ ၆ ၁၄ ၂၂ ၃၀ ၃၈ ၄၆ ၅၄ ၆၂ ၇၀ ၇၈
တနင်္လာသားသမီးများ ၅ ၁၃ ၂၁ ၂၉ ၃၇ ၄၅ ၅၃ ၆၁ ၆၉ ၇၇
အင်္ဂါသားသမီးများ ၄ ၁၂ ၂၀ ၂၈ ၃၆ ၄၄ ၅၂ ၆၀ ၆၈ ၇၆
ဗုဒ္ဓဟူးသားသမီးများ ၃ ၁၁ ၁၉ ၂၇ ၃၅ ၄၃ ၅၁ ၅၉ ၆၇ ၇၅
ကြာသပတေးသားသမီးများ ၁ ၉ ၁၇ ၂၅ ၃၃ ၄၁ ၄၉ ၅၇ ၆၅ ၇၃
သောကြာသားသမီးများ ၇ ၁၅ ၂၃ ၃၁ ၃၉ ၄၇ ၅၅ ၆၃ ၇၁ ၇၉
စနေသားသမီးများ ၂ ၁၀ ၁၈ ၂၆ ၃၄ ၄၂ ၅၀ ၅၈ ၆၄ ၇၂  
No comments:
Post a Comment