Thursday, March 8, 2018

အယူတော်မင်္ဂလာပညာ


ကျွန်ုပ်ကိုယ်တွေ့ အင်္ဂ၀ိဇ္ဇာနှင့်
အယူတော်မင်္ဂလာပညာခန်း

          အချိန်ကား အယူတော်မင်္ဂလာ မောင်နိုးသည် အကောက်စာရေးလေးဘ၀နှင့် ငါးရားဖျားရွာသို့ ရောက်သွားသောအခါဖြစ်ပါသည်။ ရပ်ရွာလူကြီးများနှင့် အလ္လာပ သလ္လာပ စကားများ ပြောဆိုကြ ပြီးနောက် အယူတော်မင်္ဂလာမောင်နိုးမှ သတိပေးစကားပြောကြားသည်မှာ-
          လူကြီးမင်းတို့ရွာသည် နိမ့်ရှိုင်းသော နေရာဖြစ်သည်။ (၁၅)ရက် အတွင်း ဤနေရာကိုစွန့်၍ အခြားမြင့်သော အရပ်သို့အမြန် ပြောင်းရွှေ့၍ နေရာသစ်ပြုစုပျိုးထောင်ကြရန်ဖြစ်ပါသည်။ (သို့မဟုတ်) လူကြီးမင်းတို့ရွာသည် (၁၅)ရက်က လွန်လျှင် ရေးဘေးနှင့် ရင်ဆိုင်ရမည်ဖြစ်၍ ဒုက္ခကြီးစွာဖြစ်မည်ဟု ပြောဆိုကာ ထိုနေရာမှ ပြောင်ရွှေ့ရန် တရစပ်တိုက်တွန်းလေသည်။ တချို့သည်အယူတော်မင်္ဂလာ ဦးနိုး၏ အတိတ်၊ နိမိတ်အရာ၌ ကျော်ဇောတိက္က ရှိသည်ကို ယုံကြည်ပြီးဖြစ်တ၍ ပြောင်ရွှေ့နေကြသည်။ အချို့မယုံကြည်သူများက မပြောင်းရွှေ့ဘဲ နေကြသည်။ ရွာသူကြီးမှ အယူတော်မင်္ဂလာအား အဘယ် ကြောင့် တိုက်တွန်းပါသနည်းဟု မေးရာ ----
          လူကြီးမင်းတို့ရွာတွင် ကသည်းလူမျိုး ဇော်တမော်အမည်ရှိသော အရူးသည် လက်ယာဘက်တွင် (ပျိုးစည်) လက်ဝဲဘက်တွင် (ပြောင်းစည်း)တို့ကို ကိုင်၍ ရွာလည်တွင် ကခုန်နေသည်ကို လူကြီးမင်းတို့ အမြင်ပင်ဖြစ်ပါသည်။ ထိုနိမိတ်သည် တစ်ရွာလုံးနှင့် သက်ဆိုင်သည့်အတွက် (ဘဝေါ)ဟု ခေါ်ဆို ရပေမည်။ ထိုဘဝေါ၏ သဘောတရား ဟောဆိုချက်မှာ နောက် (၁၅၀ရက်ကြာသောအခါ အထက်အညာအရပ်တွင် ''မိုး'' ဆက်တိုက်အားကြီးစွာ ရွာသွန်းမှုကြောင့် ငါးရာဖျားရွာကို ရေနီပုတ်တို့ လွှမ်းမိုးသည့် နိမိတ်ပင်ဖြစ်သည်။
          အယူတော်မင်္ဂလာ ဦးနိုး ဟောဆိုချက်၏ အယူအဆအတိုင်း ၄င်းငါးဒရာဖျားရွာသည် (၁၅)ရက် အကြာတွင် ရေနီပုတ်တို့၏ လွှမ်းမိုးခြင်းကြောင့် ပျက်စီးသွားရပေတော့သည်။
          ကျွန်ုပ်မှာ အထက်ဖော်ပြခဲ့သော အယူတော်မင်္ဂလာဦးနိုး၏ အံ့သြဖွယ်ရာ အယူတော် ဟောကွက်များကို သေချာစွာ ဂရုစိုက်၍ ဖတ်ရင်း တကယ်လား၊ တိုက်ဆိုင်မှုလာဲး၊ စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာပါသည်။ စိတ်ထဲတွင် ငါလည်း တစ်နေ့ ဒီလိုဟောနိုင်ရင် ကောင်းမှာပဲဟု တွေးမိသည်။

အယူတော်မင်္ဂလာပညာနှင့် ကျွန်ုပ်ထိပ်တိုက်တွေ့ကြပြီ
          ညက တစ်ညလုံး စာဖတ်ထား၍ မျက်လုံးများ ကျိန်းစပ်နေသည်။ ဆောင်းရာသီဖြစ်သဖြင့် နှင်းများကလည်း လမ်းတစ်လျှောက်မြူခိုးများ ဝေနေသကဲ့သို့ မှုန်းမှိုင်းနေသည်။ တောင်ဥက္ကလာပ မြို့နယ်ရှိ ဈေးကြီးများထဲက တစ်ခုအပါအ၀င်ဖြစ်သော ဟေမ၀န်ဈေးကြီးသည် မနက် (၆)နာရီလောက် ဖြစ်၍ လူဝင်လူထွက်နည်းသော အချိန်ဖြစ်ပါသည်။ ကျွန်ုပ်သည် စက်ဘီးကို ဘရဏီလမ်းတစ်လျှောက် ဖြည်းဖြည်းနင်းလာရာမှ ဟေမ၀န်ဈေးဘက်ကို ကွေ့လိုက်သည်နှင့်-----
          ဟေမ၀န်ဈေးရှေ့ မေတ္တာလမ်းမကြီးပေါ်တွင်  ဖြစ်ပါသည်။ လူတစ်ယောက်သည် လက်ထဲတွင် နှင်းဆီပန်းများကိုင်၍ က နေသည်။ ပါးစပ်မှလည်း ''မိုးရွာရင် မိုးရေချိုးမယ်၊ မေမေလာရင် နို့စိုမယ်၊ ဖေဖေလာရင် အုန်းသီးခွဲစားမယ်'' ကလည်းက ဆိုလည်းဆိုပြုလုပ်နေသဖြင့် မနက်ပိုင်း ဈေးကြိုကားများ မှလူများ ၀ိုင်းကြည့်နေကြသည်။ ကျွန်ုပ်လည်း ဈေးအ၀သို့ ရောက်ပြီဖြစ်၍ စက်ဘီးပေါ်ကဆင်းကာ သူ့ကိုကြည့်လိုက်တော့ ဈေးအတွင်းသို့ မလာတာကြာပြီဖြစ်သော စိတ်မနှံသူ (အရူး ၀င်းနိုင်) ဖြစ်နေ သည်။ သူ့ကို ဒီနေ့တွေ့ရတာ ထူးဆန်းသည်။ခါတိုင်း နှင်းဆီးပန်းကို  သူကိုင်လေ့မရှိ၊ ကျွန်ုပ်လည်း သူလက်ထဲတွင် ရှိသော နှင်းဆီပန်းနှင့် သူဆိုသော မိုးရွာရင် မိုးရေချိုးမယ် သီချင်းအား ဆက်စပ် ကြည့်ရင်း စက်ဘီးကို ဈေးအတွင်းသို့ တွန်း၍ ၀င်လာရာ ကျွန်ုပ်၏ ဟောခန်းရှေ့သို့ အရောက် စက်ဘီးကို  ဒေါက်ထောက်နေချိန် ဈေးထဲတွင် ပန်းထိမ်လုပ်နေသော ပန်းတိမ်ဆရာကိုသက်တင်သည်-
          ''ဗျို့ အယူတော်ကြီး  ဘာတွေတွေးနေတာလဲ
          မေးရင်း နှုတ်ဆက်စကားပြောပါသည်။
          ကျွန်ုပ်--- ''ကိုသက်တင် ခင်ဗျားကို ကျွန်တော် အသိပေးစရာရှိတယ်။ ဒီနေ့က စရေတွက်ရင် (၁၁)ရက်အတွင်း မိုးရွာလိမ့်မယ်၊ အိမ်ကနေ ထီးတွေ၊ မိုးကာတွေ ယူလာဦး'' ဟု ပြောရာ ကိုသက်တင်မှ-
          ''ဘာဖြစ်လို့တုန်း ကိုထွဋ်ရဲ့၊ ထူးထူးဆန်းဆန်း''
          ''ကျွန်တော်ဈေးထိပ်မှာ အရူးဝင်းနိုင်ကို တွေ့ခဲ့တယ်ဗျ၊ လက်ထဲမှာလည်း နှင်းဆီပန်းတွေနဲ့ နတ်ကနားပွဲမှာ နတ်ကတော် ပန်းကိုင်ပြီးကတဲ့ပုံစံမျိုး ကနေတယ်''
          ''ဟာ--- ကိုထွဋ်ကလည်း ဘာဆိုင်လိုတုန်းဗျ၊ အရူးကနှင်းဆီပန်းကိုင်ပြီး ကတာနဲ့ (၁၁)ရက် အတွင်းမိုးရွာမယ်ဆိုတာ အဆက်အစပ်လည်းမရှိ၊ ဖြစ်လည်းမဖြစ်နိုင်ပါဘူးဗျာ၊ နောက်ပြီး ဆောင်းတွင်းဘက်ကြီး ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ဆိုတာ တအားအေးတဲ့အချိန်ဗျ၊ ခင်ဗျားပြောသလို မိုးပါရွာ လိုက်ရင် လူတွေကျန်းမာရေးထိခိုက် ကုန်လိမ့်မယ်''
          ''အင်း --- ခင်ဗျားတို့က ရုပ်ဝါဒီသမားတွေဆိုတော့ ကျွန်တော်တို့ ဗေဒင်ဆရာတွေရဲ့ အယူအဆတွေနဲ့ တစ်ခါတစ်ရံမှာ ဘယ်လိုမှ ညှိလို့ရမှာမဟုတ်ဘူး။ ကျွန်တော်ပြောပြမယ်၊ အရူးဝင်းနိုင် ဟာ နေ့စဉ် နေ့တိုင်း ဒီလိုပုံစံမျိုးကို အမြဲပြုလုပ်နေရင် ကျွန်တော်တို့ ပညာမှာ (ပကတိ) သဘောလို့ ယူဆတယ်။ ဒါပေမဲ့ ဒီနေ့မှ ထူးထူးခြားခြား ဒီလိုပုံစံမျိုးလုပ်နေရင်တော့ အဲဒါကို (၀ိကတိ) ထူးခြားမှု လို့ ခေါ်တယ်။
          လကထဲမှာ ကိုင်ထားတဲ့ နှင်းဆီပန်းတွေရဲ့ (ဟိတ်၊ လက္ခဏာ) သဘောကို ပြန်ကြည့်ရင် (နှင်းဆီ = နှင်းတွေရဲကအဆီ) လို့ သဘောကို ယူဆလို့ရတယ်။ နှင်တွေအားကြီးမယ့် သဘော ဒါမှမဟုတ် နှင်းမိုး တွေရွာမယ့်သဘော၊ နောက်ပြီး ပါးစပ်ကလည်း မိုးရွာရင် ရေချိုးမယ် ဆိုတော့ ဒီရက်ပိုင်းမှား မိုးရွာမယ် ဆိုတာ သေချာနေပြီ။
          နောက်ပြီး သူ့အမည် (၀င်းနိုင်) ဆိုတာကို (ဂြိုလ်) ပညတ်နဲ့ ယူပြီး ပညတ်နဲ့ယူပြီး တွက်ကြည့်မယ်ဆိုရင် (၀င်းနိုင်)ဆိုတာ ဗုဒ္ဓဟူးနဲ့စနေ ပေါင်းစပ်ထားတာကို တွေ့ရလိမ့်မယ်။ ဂဏန်း သင်္ချာပညတ် အရ (၄ + ၇) = (၁၁) ဖြစ်တယ်။
          အယူတော်မင်္ဂလာပညာခန်းအရ (၁၁)ရက် အတွင်းမှာ နှင်းမိုး (သို့) ဆောင်းတွင်းမိုး အကြီးအကျယ် ရွာလိမ့်မယ်''
          ''ကိုထွဋ်ရှင်းပြတော့လည်း အဟုတ်သားပါလား၊ ဒါပေမဲ့ တကယ်ဟုတ်မဟုတ် ဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပဲ''
          အဖြစ်မှန်မှာ (၂၀၀၅)ခုနှစ်၊ ဒီဇင်ဘာလ ဆောင်းရာသီတွင် (၁၀)နှစ်တွင် တစ်ကြိမ် ဖြစ်တောင့် ဖြစ်ခဲ နှင်းမိုး (သို့) ဆောင်းရာသီမိုးကြီးသည် (၃)ရက်နှင့် တစ်မနက်ခန့် ဆက်တိုက်ရွာချရာ ကျွန်ုပ် ဆုံးဖြတ်ခဲ့သည်နေ့မှစ၍ ရေတွက်သော် (၁၁)ရက်မြောက်သောနေ့ပင် ဖြစ်ပါသည်။
ပထမဆရာ၏ ကျေးဇူး
        ကျွန်ုပ်၏ သင်ဆရာနှစ်ဦးတွင် ပထမဆရာဖြစ်သော ဆရာ ဦးရွှေသွေးသည် ကျွန်ုပ်အား နက္ခတ်ပညာ၊ လက္ခဏာပညာ သုံးတန်ပေါ်နိစ်ဗေဒင်ပညာ၊ ဂဏာန်းဗေဒင်ပညာနှင့် အယူတော်မင်္ဂလာ ပညာတို့အား သင်းတန်းဟု ခေါ်လို့မရသော သင်တန်းပုံစံမျိုးဖြင့် နေ့စဉ်သင်ကြားပို့ချရာ (၃)နှစ် ၀န်းကျင် လောက်ရှိသွားပါပြီ။ ဆရာ၏  အယူတော်မင်္ဂလာဖြတ်ထုံးများမှာ အံ့သြလောက်အောင် တိကျမှန်ကန် ပါသည်။
          တစ်နေ့တွင် ဆရာနှင့်ကျွန်တော်သည် ဟေမ၀န်ဈေးအတွင်းမှ ဈေးသိမ်းပြီး အပြန်တွင် ဈေးပေါက်စတွင် ''အဘဆရာ ----- အဘဆရာ''ဟု ခေါ်သံကြား၍ လှည့်ကြည့်မိရာ အသက်(၅၀)နှစ် ၀န်းကျင်ခန့် အမျိုးသမီးကြီးတစ်ဦးမှ '' ကျွန်မသားလေးအိမ်က ထွက်သွားတာ (၃)ရက်လောက် ရှိသွားပါပြီ ဆရာ၊ အဲဒါ ကျွန်မကို တစ်ချက်လောက် ကူညီပါဦး''တဲ့ ဆရာက အဝေးကို တစ်ချက်မျှ ကြည့်လိုက်ပြီး----
          ''အေး --- အခုညနေ (၆)နာရီထိုးပြီးဆိုတော့ နှင့်သား (၇း၃၀)လောက် အိမ်ပြန်ရောက်မယ်၊ ဘယ်မှလည်း လိုက်ရှာမနေနဲ့၊ဘာမှလည်း ဓာတ်ဆင်မနေနဲ့''
          ဟု ပြောလိုက်ရာ တစ်ဖက်အမျိုးသမီးကြီးသည် အံ့သြကာ ဆရာ့မျက်နှာကို ငေးကြည်နေပြီး နောက်မှ ၀မ်းသာအားရ ''ဟုတ်ကဲ့ ဟုတ်ကဲ့ '' ဟုဆိုကာ ဆရာအား နှုတ်ဆက်ပြီး ကျွန်ုပ်တို့ရှေ့မှောက်မှ ထွက်ခွာသွားလေသည်။
          ကျွန်ုပ်ကလည်း ဆရာ၏ အယူတော်မင်္ဂလာ ဟောကွက်အား မည်သို့မည်ပုံဆုံးဖြတ်သည်ကို သိလို၍ု မေးမြန်းရာ ဆရာက ---
          ``ဒါလေးက လွယ်ပါတယ် မောင်ထွဋ်ရာ၊ ငါတို့ အခု အိမ်ပြန်မလိုမဟုတ်လား´´
          `ဟုတ်ပါတယ် ဆရာ´
          `အေး --- တို့တောင် အခုပဲ အိမ်ပြန်မလို့ လုပ်နေတာ၊ သူ့သားလည်း အိမ်ပြန်ဖို့ ပြန်ဆင်နေပြီ ပေါ့ကွ၊ တို့ ဒီကနေ ကားစီးရင်း လှည်းတန်းကို ကားစောင့်တာနဲ့ ဘာနဲ့ (၇း၃၀)လောက် အိမ်ကို ပြန်ရောက်လိမ့်မယ်လို့ ငါပြောတာပေါ့ကွ´
          ဟောကွက်မှာ အရမ်းလွယ်နေသည်။ အဘ ဆရာကို စော်ကားခြင်းတော့ မဟုတ်ပါ။ ကျွန်ုပ်လည်း ယုံရခက်၊ မယုံရခက်ဖြစ်နေသည်။ အေးလေ --- နောက်နေ့ဈေးလာရင် အဖြေသိမှာပေါ့ဟု စိတ်ထဲကပင် ဖြေသိမ့်လိုက်သည်။
          နောက်တစ်နေ့မနက် ကျွန်ုပ်ဈေးထဲသို့ အလာတွင် မနေ့က အမျိုးသမီးကြီးနှင့် ဈေးထိပ်တွင် တွေ့ရာ သူ့သားသည် သူ့အိမ်ပြန်ရောက်ပြီး နာရီဝက်ခန့်အကြာတွင် ပြန်ရောက်လာကြောင်း နာရီကို ကြည့်လိုက်ရာ (၇း၃၀)အတိပင်ဖြစ်ကြောင်း အဘဆရာအား ကျေးဇူးတင်ကြောင်း ပြောကြားပေးရန် ကျွန်ုပ်အား မှာကြားပြီး ဈေးအတွင်းသို့ ၀င်သွားလေသည်။
          ကျွန်ုပ်သည် အဘဆရာ၏ ကျေးဇူးကို ရည်စူး၍ စိတ်အတွင်းမှ လက်အုပ်ချီ၍ ရှိခိုးကန်တော့ လိုက်မိပါတော့သည်။
ကိုယ်တွေ့အယူတော်မင်္ဂလာ
        ကျွန်ုပ်သည် ဟောခန်းပိတ်၍ ကျွန်ုပ်၏နေအိမ်ရှိရာ တောင်ဥက္ကလာ၊ (၁၂)ရပ်ကွက်၊ မိဂသီလမ်း (၂၀)၊ အိမ်အမှတ် (၂၇၄)သို့ ပြန်လာရာ အိမ်သို့အရောက်တွင် ကျွန်ုပ်မမြင်ဖူးသော အမျိုးသမီး နှစ်ယောက်ကို တွေ့လိုက်လေသည်။
          `စောင့်လိုက်ရတာ ဆရာရယ်၊ ဆရာအလုပ်က ပြန်မလာသေးဘူးဆိုလို့ ကျွန်မတိုပနှစ်ယောက် လမ်းထပ်က `ကိုဟယ်ရီ´ တို့မုန့်ဟင်းခါးဆိုင်မှာ မုန့်စားရင်းနဲ့ ထိုင်စောင့်နေတာ စိတ်မရှည်တာနဲ့ ဆရာ ရောက်လာပြီးထင်တယ်လို့ မှန်းလာပြီးစောင့်နေတာ ဆရာ ခုမှပဲ ပြန်လာတော့တယ်´
          ကျွန်ုပ်အိမ်ပေါ်သို့ တက်တက်ချင်း၊ အနည်းငယ်ဝနေသော အမျိုးသမီးမှစ၍ နှုတ်ခွန်းဆက် လိုက်သည်။
          ကျွန်ုပ်မှ --- `အေးဗျာ၊ ကျွန်တော်လည်း ဒီနေ့မှ နောက်ကျသွားတယ်။ ဆို--ဘာကိစ္စရှိလို့လဲ၊ သြော်-- ဒါနဲ့ အစ်မကြီးတို့နှစ်ယောက်ကို ကျွန်တော်မြင်ဖူးသလို´
          `အာ--- ဆရာကလည်း မေ့တတ်ရန်ကော၊ ပြီးခဲ့တဲ့လက ကျွန်မအစ်မနဲ့ ဆရာ့ဆီကို တစ်ခေါက် လာဖူးတယ်လေ´
          `သြော် -- မှတ်မိပြီ၊ အေးဗျာ ကျွန်တော်လည်း မိတ်ဆွေတွေကများတော့ ဗြုန်းကနဲမမှတ်မိဘူး၊ ခွင့်လွှတ်ပါဗျာ´
          `ရပါတယ်၊ ဆရာရယ်၊ ဆရာ့ကို မိတ်ဆက်ပေးရဦးမယ်၊ သူ့အမည် မခင်မြင့်တဲ့၊ ကျွန်မတို့ အိမ်ဘေးနားကလေ သူ့ညီမအငယ်ဆုံးလေး မနေ့က (၁၀)ရပ်ကွက်ဈေးကို မီးသွေးသွားဝယ်မယ်ဆိုပြီး ထွက်သွားလိုက်တာ ခုထိ ပြန်မလာသေးလို့ ဒီနေ့နဲ့ဆို နှစ်ရက်တောင် ရှိနေပြီ´
          ``အစ်မကြီးတို့ ရဲစခန်းကို တိုင်ထားသေးလား´´
          `` ကျွန်မတို့လည်း အဲဒါကိုပဲ စဉ်းစားနေတာ ၊ ဆရာနဲ့တိုင်ပင်မလို့ ဒီကိုအရင်ဝင်လိုက်တာ၊ ဆရာပဲ ဆုံးဖြတ်ပေးပါ ဆရာရယ်၊ ကျွန်မတို့လည်း ဘာလုပ်ရမှန်း မသိတော့ဘူး´´
          ကျွန်ုပ်သည် မျက်စိနှင့်နားကို အလုပ်ပေးလိုက်သည်။ (အာစရိယ၀ါဒ) အယူတော် မင်္ဂလာခန်း သင်ခန်းစာတွင် အာရုံ(၆)ပါးကို သတိ၊ ပညာနှင့် ပေါင်းစပ်သောအခါ အတိတ်၊ နိမိတ်၊ တဘောင်တို့အား ရလေ၏။ ဟုဆိုထားသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်၏ ခြေရင်းဘက်တစ်အိမ်ကျော်မှ သီးချင်းသံတို့ကို သဲသဲကွဲကွဲကြားလိုက်ရသည်။ စိုင်းထီးဆိုင် သီဆိုထားသော (သခင့်ဆီ ကို ပြန်လာမည်။) သီချင်း ဖြစ်ပါသည်။ စိုင်းထီးဆိုင်အား သင်္ချာပညတ်နှင့် ယူသော် (၃+၇+၃)ဖြစ်ပါသည်။ ပေါင်းလိုက်လျှင် (၁၃) ဂဏန်းရပါသည်။ သခင့်ဆီကို ပြန်လာမည်ဆိုသော သီချင်းအဓိပ္ပာယ်မှာ အဝေးသို့ရောက်နေသော သူတစ်ယောက်သည် ဌာနဆီသို့ ပြန်လာမည်ဆိုသော သဘောပင်ဖြစ်ပါသည်။
          ထို့ကြောင့် ကျွန်ုပ်က ---
          `` ကဲ--- မခင်မြင့် ၊ ခင်ဗျား ညီမက ဒီရန်ကုန်မှာမရှိဘူး၊ ရေခြားမြေခြားကို ရောက်နေတယ် (၁၃)ရက်မြောက်တဲ့နေ့မှာ ပြန်လာမယ်၊ ရဲစခန်းကို တိုင်တာ မတိုင်တာတော့ အစ်မကြီးတို့ ကာယကံရှင်တွေရဲ့ ဆန္ဒပဲ´´
          ``ဘာအန္တရာယ်မရှိဘဲ ပြန်လာရင်တော့ တိုင်ဖိုမလိုပါဘူး ဆရာရယ်´´
          အဖြစ်မှန်မှာ ၄င်းအမျိုးသမီးငယ်မှာ ဈေးသို့ မီးသွေးသွားဝယ်ခြင်း မဟုတ်ပါ။ သူ့ သူငယ်ချင်း များနှင့် အချိန်းအချက်လုပ်ကာ ပြည်မြို့သို့ ဘုရားဖူးလိုက်သွားခြင်း ဖြစ်ပါသည်။ ကျွန်ုပ်ခန့်မှန်း တွက်ချက်သော (၁၃)ရက်နေ့ နေ့လည် (၁၂း၀၀)တွင် ပြည်မြို့မှ ရန်ကုန်မြို့သို့ မည်သည့်အန္တရာယ်မှ မကျရောက်ဘဲ ချောမောစွာ ရောက်ရှိလာပါသည်။
ဒုတိယဆရာနှင့်တွေ့ဆုံခြင်း
        အယူတော်မင်္ဂလာပညာသည် ကျွန်ုပ်လေ့လာခဲ့ဖူးသော ပညာရပ်များထဲမှ အလွန်ထူးဆန်း၍ တိုက်ဆိုင်မှုများသော ပညာရပ်တစ်ခုဖြစ်ပါသည်။
          ကျွန်ုပ်၏ ဒုတိယဆရာမှာ ဆရာဦးသန်းဝင်း ဖြစ်ပြီး မြန်မာ့ရိုးရာ ဗေဒင်ပညာရှင်တစ်ဦးလည်း ဖြစ်ပါသည်။ ဆရာမှာ ကျွန်ုပ်အား သူတတ်ထားသော ပညာရပ်များကို ဆရာစားမချန် သင်ပြ ပေးခဲ့ပါသည်။ ကျွန်ုပ်သည်ဆရာထံတွင် (၅)နှစ်တာမျှလေ့လာခဲ့သော ပညာရပ်များမှာ မဟာဘုတ်၊ အင်္ဂ၀ိဇ္ဇာ၊ လောကဓံ(၈)ပါး၊ သက္ခတ်ဗေဒင်ပညာ၊ န၀င်းစည်းပညာ၊ အယူတော်မင်္ဂလာပညာနှင့် ဓာတ်ဆင် ဓာတ်ရိုက်ပညာခန်းများ ဖြစ်ပါသည်။ ၄င်းဆရာသင်ကြားပေးသော ပညာရပ်များထဲမှ အင်္ဂ၀ိဇ္ဇာ နှင့် အယူတော်မင်္ဂလာအား ပေါင်းစပ်တွဲဖက်၍ ဟောကြားသည်မှာလည်း ကျွန်ုပ်ဘ၀တစ်သက်တာတွင် အံ့သြရသော ပညာခန်းတစ်ခုဖြစ်ပါသည်။
          တစ်နေ့ဆရာနှင့် ကျွန်ုပ်လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ဗေဒင်ပညာရပ်နှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်နေရာတွင် ဆရာ၏ တပည့်တစ်ဦးဖြစ်သူ (သောကြာသား)သည် ကျွန်ုပ်တို့ထိုင်နေသော စားပွဲတွင် ၀င်ရောက်ထိုင်ရာ ဆရာမှ ----
          '' ဟေ့လူ --- ခင်ဗျား အမျိုးသမီးတစ်ယောက်နဲ့ ချိန်းတွေ့ပြီး ပြန်လာတာမဟုတ်လား၊ ခင်ဗျားကို ဒီအလုပ်တွေ မလုပ်ပါနဲလို့ ကျွန်တော် ခဏခဏပြောထားတာ၊ ဟိုနေ့ကလည်း ခင်ဗျားမိန်းမက ဒီကိစ္စကို လာတိုင်သွားသေးတယ်၊ နည်းနည်းပါးပါး ဆင်ခြင်းပါဦးဗျာ''
          ကျွန်ုပ်မှာ လွန်စွာမှ အံ့သြသွားပါသည်။ ဆရာသည် မည်သည့်ဟောကွက်နှင့် ဟောလိုက်သလဲ၊ တိုင်ပညာခန်းလား၊ အယူတော်လား၊ ဘာမှန်ကိုမသိလိုက်ပါ။ဆရာတပည့်ကို သောကြာသည် ဆရာ၏ ပြောဆိုဆုံးမစကားများကို နာယူ၍ ကျွန်ုပ်တို့စားပွဲဝိုင်းမှ ထသွားချိန်တွင် ကျွန်ုပ်မှာ ဘယ်လိုမှ မအောင့် နိုင်တော့ဘဲ ---
          ''ကျွန်တော့်ကိုလည်း ရှင်းပြပါဦးဆရာရယ် ဆရာဟောချက်ကို ကျွန်တော်တော့ ဥာဏ်မမီ တော့ဘူး''
          ''ဒါက လွယ်ပါတယ် မောင်ထွဋ်ရယ်၊ ခုဘာအချိန်လဲ''
          ''သူရဇ္ဇအချိန်ပါ ဆရာ''
          ''သူဝတ်လာတာ ဘာအရောင်လဲ၊ တိုင်ရဲ့ ဘယ်နေရာမှာရှိသလဲ''
          ''ရောယှက်အရောင်ပါ ဆရာ၊ သူရဇ္ဇတိုင်ရဲ့ စုပ်နေရာမှာပါ''
          ဆရာသည် ကျွန်ုပ်ပြန်၍ ဖြေကြားသည်ကို ပြုံး၍နေရာမှ---
          ''မင်းစဉ်းစားကြည့်လေကွာ၊ သူ့မွေးနံကလည်းသောကြာ၊ ၀တ်လာတာကလည်း သောကြာရောင်၊ ပြီးတော့  တိုထိုင်နေတဲ့ဝိုင်းရဲ့ဘေးတစ်ဝိုင်းကြော်မှာ လင်မယားနှစ်ယောက်တွေ့လား၊ ခုနတုန်းက မိန်းမက သူ့ယောကျာ်းကို မယားငယ်တွေ့နေတယ်လို့ စွပ်စွဲနေတဲ့အသံ ငါကြားလိုက်တယ်၊ အဲဒီနှစ်ခုကို ပေါင်းစပ်လိုက်ရင် မင်းသိချင်တဲ့ အဖြေထွက်လာလိမ့်မယ်''
                                    
                                    
                                    
          ၁ (မွေးနံ+အရောင်)   ၁(အိမ်ထောင်ရေးနေရာ) (နိမိတ်)
                                    
                                    
                                    
အယူတော်မင်္ဂလာပညာကိုအသုံးချခြင်း
        တစ်နေ့တွင် ကျွန်ုပ်လည်း ဈေးသိမ်း၍ အိမ်သို့ ပြန်လာရာ စက်ဘီးပေါ်မှ ပစ္စည်းများကို ချနေစဉ် ကျွန်ုပ်၏ယောက္ခမဖြစ်သူ ဦးကျော်ဆွေမှာ အိမ်ရှေ့ခေါင်းရင်းတွင် ဖျာခင်း၍ တုံးလုံးလှဲကာ စာဖတ် နေရာမှ---
          '' ဟေ့ မောင်ထွဋ်၊ မင်းပြန်လာတာနဲ့ အတော်ပဲ၊ ငါ့မိတ်ဆွေ အမျိုးသမီးတစ်ယောက်ကို ဗေဒင် တွက်ပေးစမ်းပါကွာဟု ပြောရင်း သူ့အိတ်ထဲမှ စာရွက်ခေါက်ကလေးတစ်ခုကို ထုတ်ပေးရာ ကျွန်ုပ်မှ---
          ''အဖေ့မိတ်ဆွေကို ဗေဒင်တွက်မနေနဲ့''
          ''သူ့အိမ်ကို အမြန်လိုက်သွားလိုက်ပါ၊ ဟိုမှာ သူ အသည်းအသန်ဖြစ်နေပြီ''
          ''ဟ --- ဟုတ်မှလည်းလုပ်ပါ မောင်ထွဋ်ရာ၊ မင်းဥစ္စာက (ဇာတာ)တောင် မစစ်ရသေးဘူး''
          ''အဖေ သူ့ဇာတာကို တွက်နေရင် သူ့အသက်ကို မီမှာတောင်မဟုတ်ဘူး၊ ခုလိုက်သွားလိုက်၊ အဖေတောင် အိပ်ရာထဲက ဗေဒင်မေးနေတာ အဖေ့မိတ်ဆွေလည်း အိပ်ရာထဲလဲနေပြီပေါ့''
          ကျွန်ုပ်သည် အင်္ဂါနေ့ ညနေ (၄း၃၀)မှ (၇း၃၀)တွင် အင်္ဂါချိန်ဖြစ်၍ ဗေဒင်မေးသူယောက္ခမကြီး၏ မွေးနံ (တနင်္လာ)ခိုက်နှင့် အိပ်ရာထဲမှ ဗေဒင်မေးခြင်းနိမိတ်ကြောင့် ဤသို့ဟောလိုက်ခြင်း ဖြစ်ပါသည်။
                                    
                                             
                                             
          -၃-                                  -၃-
                                             
          ၂ (တနင်္လာ) ကိုယ်စားလှယ်    ၂(ခိုက်)သက်ရှိ/သက်မဲ့
          ၅ မွေးနံနှင့် (အိပ်ရာ)နိမိတ်     ၅ ပျက်စီးခြင်း
          အဖြစ်မှန်မှာ ၄င်းဇာတာရှင် အမျိုးသမီးကြီးသည် ကျန်းမာရေးညံ့ပြီး သင်္ဃန်းကျွန်း (စံပြ) ဆေးရုံတွင် (၃)ရက်ခန့် ဆေးကုသမှုခံယူရာမှ ရောဂါပြင်းထန်၍ ဘ၀တစ်ပါးသို့ ကူပြောင်းသွား လေသည်။
နိဂုံးချုပ်
        ယခု ကျွန်ုပ်ရေးသားခဲ့သော အယူတော်မင်္ဂလာပညာခန်းသည် ကျွန်ုပ်၏ ဘ၀တွင် တန်ဖိုး ထားသော ပညာရပ်တစ်ခုဖြစ်ပါသဖြင့် ပညာလိုလား အမျိုးကောင်းသားတို့အား ပညာဒါနဖြင့် ဤဆောင်းပါးတွင် ဖော်ပြလိုက်ပါသည်။ နောင်တွင် အခွင့်အခါသင့်ပါက အယူတော်မင်္ဂလာပညာဖြင့် ကျန်းမာရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ အရှုံးအနိုင် (ဘောလုံးပွဲ)များ အစရှိသော မမြင်နိုင်သည့် အနာဂတ်ကာလ ဟောကွက်များကို ထပ်မံတင်ပြသွားပါဦးမည်။




No comments:

Post a Comment