Monday, March 19, 2018

ပူရိသ တို့ချစ်ဒုက္ခများ


ပုရိသတို့၏ ချစ်ဒုက္ခများ
သူ့အမည်က ဦးကျော် - - - - - ။
သူကအလွန်အဆင့်အတန်းမြင့်တဲ့ ပုဂ္ဂိုလ်ကြီး။ ထူးဆန်းတာကအဲဒီနေ့က ကာယကံရှင် ပါမလာဘူး။
          ကျွန်ုပ်ရဲ့မိတ်ဆွေ ဦးမောင်မောင်ဆိုတဲ့ အရာရှိကြီးတစ်ယောက်က သူ့ဇာတာကိုယူလာပြီးတွက် တာ ကိုယ်စားလှယ်အရာရှိမှ
          ''ဆရာ ကျွန်တော်မိတ်ဆွေရဲ့ဇာတာကို သေသေချာချာလေးစစ်ဆေးပေးပါ နည်းနည်းအရေးကြီး လို့ပါ''
          သူကအရေးကြီးတယ်ဆိုတော့လည်း ကျွန်ုပ်က လုပ်ရိုးလုပ်စဉ်အရ သူ့ဇာတာကိုတွက်ကြည့် ရတာပေါ့။
သူပြောပြတဲ့ မွေးနေ့သက္ကရာဇ်အ၇
          ၁၃၀၇ တပို့တွဲလဆန်း(၇)ရက် တနင်္လာသား
          ဗေးဒင်စစ်ဆေးသည့်နေ့ရက် ။ ။ တနင်္လာနေ့ ညနေ (၄း၂၀)။
          သူ့ရဲ့ဇာတာကို စာရွက်ပေါ်ချတွက်ရင်းနဲ့ ကိုယ်စားလှယ်မွေးနံကို မေးကြည့်လိုက်တော့ တနင်္လာ သားဆိုတာသိလိုက်ရတယ်။ ကာယကံရှင်ရော ကိုယ်စားလှယ်ပါ မွေးနံတစ်ခုတည်းဆိုတော့ ကျွန်ုပ် အနည်းငယ် အံ့သြသွားသည်။ ကျွန်ုပ်၏ ဗေဒင်နည်းစနစ်မှာ ပြဋ္ဌာန်းထားတာက - - -
          နေ့အဋ္ဌအဂ်မှာ ဗုဒ္ဓဟူးဂြိုဟ်ကသောကြာအဋ္ဌလဂ်မှာ လာရပ်နေတယ်၊ ပညာမှာက မိတ်ဟောင်း အချစ်ဟောင်းနဲ့ ဆုံတွေ့မှုလို့ပြနေတယ်။ နေ့တနင်္လာတိုင်မှာ (ခိုက်)က တနင်္ဂနွေဂြိုဟ် အိမ်ထောင်ရေး ပြဿနာလို့ပြနေပြီး အချိန်တိုင်မှာ ကာယကံရှင်ရော ကိုယ်စားလှယ်ပါ (ဆပွတ်ဌာန၀ အိမ်ထောင်ရေး နေရာမှာ ရပ်တည်နေတော့ ကာယံရှင်ရော အိမ်ထောင်ရေးဖောက်ပြန်နေတာ သိလိုက်ရတယ်။
ပညာမှာက အိမ်ထောင်ရေးဖောက်ပြန်နေတယ်လို့ အတိအကျပြထားပေမဲ့လည်း ဂုဏ်သရေရှိ လူကြီးတစ်ယောက်ကို လူမှုရေးအရ ဟောရခက်နေတယ် ကျွန်ုပ်မှ  - - - '' ကဲ ဦးမောင်မောင် ခင်ဗျားရဲ့ မိတ်ဆွေကိုပညာခွင်နဲ့ ဟောရမှာလား ဒါမှမဟုတ် ''
'' ဟိုးဆရာ - - -ထပ်မပြောပါနဲ့တော့ ဆရာမြင်တဲ့အတိုင်းသာဟောပါ''
''ကျွန်တော့ကို ဘာမှအားမနာပါနဲ့''
''ကဲ ဒီလိုဆိုတော့လည်း အားမနာတော့ဘူး ခင်ဗျားမိတ်ဆွေ ကောင်မလေးငယ်ငယ်ချောချော ကျွန်ုပ်မှ ထိုသို့ တုတ်ထိုးအိုးပေါက်ဟောလိုက်ရာ ကျွန်ုပ်၏မိတ်ဆွေ ဦးမောင်မောင်မှ - - -
''ဟုတ်လိုက်လေ ဆရာရယ် အဲဒီကိစ္စဘဲ ကျွန်တော်သိချင်လို့ ဆရာဆီလာခဲ့တာဘဲ နောက်ပြီး အရေးကြီးတဲ့ကိစ္စတစ်ခုကိုလည်း ထပ်ပြီးသိချင်သေးတယ် ဆရာထွဋ်ရေ''
''ဘာတွေ ထပ်ပြီးသိချင်သေးတာလည်း ဦးမောင်မောင်ရဲ့''
''ဒီလိုလေ ဆရာရဲ့ သူတို့ရဲ့အိမ်ထောင်ရေးအခြေအနေ ဘယ်လိုဆက်ဖြစ်မလည်းဆိုတာ သိချင်  လိုပါ''
ဒါက ဒီလိုရှိပါတယ် ဦးမောင်မောင် သူရောက်နေတဲ့ သက္ခတ် (အင်္ဂါဂြိုဟ်)ရဲ့သဘောက အိမ်ထောင်ရေးနဲ့ပတ်သက်လို့ စိတ်ဆင်းရဲသောကရောက်မယ့် သဘောကို ပြဋ္ဌာန်းထားတယ်။ အခု သူလုပ်တဲ့ အလုပ်ကလည်း အဲဒီဘက်ကို ရည်ညွှန်းနေတော့ အင်း - - -ဘယ်လိုပြောရလဲ၊ စိုင်းစိုင်း ခမ်းလှိုင်သီချင်းထဲကလို ''သေပြီဆရာ''လို့ ပြောရမှာပဲ - -''
ကျွန်ုပ်၏ မိတ်ဆွေအရာရှိကြီးနှင့် ကျွန်ုပ်မတွေ့တာ အတော်ကြာပြီဖြစ်ပါသည်။ ဆူနေသော စမ်း ချောင်းရပ်ကွက်မှ ကျွန်ုပ်၏ တပည့်တစ်ယောက်မှ လာရောက်၍ ပြောကြားသည်မှာ ဦးကျော်ဆိုသော ပုဂ္ဂိုလ်ကြီးသည် မယားကြီး မယားငယ်ပြဿနာနှင့် တရားရုံးတွင် အမှုဖွင့် ရင်ဆိုင်နေရကြောင်း၊ သူ့ အတွက်နှင့် ကျွန်ုပ်မိတ်ဆွေ အရာရှိဦးမောင်မောင်မှာ ငွေကြေးအတော်ပင် ကုန်ပြီဖြစ်ကြောင်း ပြန် တောင်းရန်လည်း သူငယ်ချင်းအရင်းကြီးဖြစ်နေ၍ ပြန်တောင်းရခက်နေကြောင်း ဦးကျော်၏ ကိစ္စနှင့် သူပါ စိတ်ဆင်းရဲနေရကြောင်း သိလိုက်ရပါသည်။
''သြော် - - - ဦးကျော်ရဲ့ ချစ်ဒုက္ခ မသေးပါလား - - -''
နောက်တစ်ယောက် -- သူ့နာမည်က ကိုကျော်ကျော်။(၅)ကြွင်း ၊ ကြာသပတေးသား၊ နိန္ဒာ လောကဓံ (စနေသက်ရောက်)၊ ဓမ္မာ (အတွင်းရန်သက်ရောက်)
သူနှင့်ကျွန်ုပ်က ညီအစ်ကိုလိုနေကြတာ တစ်ယောက်အကြောင်း တစ်ယောက်အသိ။
တစ်နေ့သူက ကျွန်ုပ်ကို ထူးထူးဆန်းဆန်း စကားတစ်ခွန်းပြောလာတယ်။
''ဆရာထွဋ် - - ကျွန်တော်ကို ကယ်ပါဦးဗျာ - - ''
''ဟာ - - ဟေ့လူကိုကျော်၊ အရင်းမရှိ အဖျားမရှိ ဘာလဲဗျ - -''
ကျွန်ုပမ်မှထိုသို့ ပြောလိုက်ရာ သူက ဘာမှပြန်မပြောဘဲ ကျွန်ုပ်လက်ထဲ စာတစ်စောင်ထိုးထည့် လိုက်ပါသည်။
        ကျွန်ုပ်လည်း ယောင်ယောင်မှားမှားနှင့် ကိုကျော် ထည့်ပေးသောစာကိုယူ၍ ဖတ်ကြည့်လိုက်ရာ ''
        ''ဟင် - - ဒီစာက ဘယ်လိုသဘောလဲ''
        ''ဆုံးအောင် ဖတ်ကြည့်ပါဦး ဆရာရဲ့''
        ကျွန်ုပ်သည် ကိုကျော်ကျော်ထံမှ စာကို အစအဆုံး သေချာစွာ ဖတ်ကြည့်လိုက်ရာ ---
        သို့
                  အစ်ကို - -
                           ညီမတို့ပြန်တွေ့ကြပြီနော်၊ အနှစ်(၂၀)ဆိုတဲက ကာလဟာ ဘာမှ မကြာပါဘူး၊ အစ်ကိုက အရင်အတိုင်းပဲနော်၊ ဘာမှမပြောင်းလဲဘူး၊ ပိုတောင်ကြည့်ကောင်းလာတယ်၊ ညီမလေ အကိုနဲ့ခွဲနရတဲ့ ကာလတွေမှာ အစ်ကို့ကို အရမ်းလွမ်းတာပဲ၊ အရမ်းလည်း သတိရတယ်၊ အစ်ကိုနဲ့ ညီမ တစ်နေရာမှာတွေ့ပြီး စကားတွေ အများကြီးပြောချင်တယ်။
                           အစ်ကိုကို့ လွမ်းနေတဲ့
                                              ညီမ
        သူ့စာကိုဖတ်ပြီး ကျွန်ုပ်မှာကြောင်တောင်တောင်ဖြစ်သွားကာ ''ဟေ့လူ ကိုကျော် - - ၊ ဘာတွေလဲ ဗျ၊ခင်ဗျားဟာက လွမ်းတာတွေရော ဆွေးတာတွေရော ခင်ဗျားကလည်းဗျာ - - မကြီးမငယ်နဲ့ ဘာတွေ လုပ်နေတာလဲဗျ''
        ကျွန်ုပ်မှ တဇွတ်ထိုးကိုယ်ထင်ရာကို စွတ်၍ ပြောလိုက်ရာ - -
        ''ဆရာထွဋ်ရေ - - ကျွန်တော်က ရှုပ်နေတာမဟုတ်ဘူး၊ သူကလာရှုပ်နေတာ၊ နေဦး - - နေဦး သူက ရှုပ်နေတယ်ဆိုတာကလည်း ကျွန်တော်က ရှုပ်ခဲ့လို့ပါ - - ဒီလို ဆရာရေ  - -အစကနေ ကျွန်တော် ပြောရှင်းပြပါ့မယ်။
        သူ့နာမည်က မျိုးပပပါ၊ ကျွန်တ်ာနဲ့ သူက ဟိုးလွန်ခဲ့ အနှစ် (၂၀)လောက်က
ငယ်ရည်းစားတွေပါ၊ သူက သူ့မိဘတွေ နိုင်ငံခြားကို အလုပ်တာဝန်နှင့် ပြောင်းတော့ လိုက်သွားတာ - -
အဲဒီတုန်းက သူက အသက်(၂၀)၊ ကျွန်တော်က အသက် (၂၈)နှစ်လောက် ရှိပြီပေါ့။
        အဲဒါဗျာ - -ဟိုနေ့က တိုက်တိုက်ဆိုင်ဆိုင်ဗျာ မြို့ထဲမှာ ပြန်တွေ့ကြတယ်၊ သူက နိုင်ငံခြားက ပြန်ရောက်တာ (၂)လလောက်ပဲ ရှိသေးတယ်တဲ့၊ သူ့မိဘတွေကလည်း ဆုံးပါးကုန်ပြီတဲ့၊ သူက ခုထက်ထိ အိမ်ထောင်မပြုသေးဘူးတဲ့ - - -၊ အဲ့ဒီမှာ ဇာတ်လမ်းက စတော့တာပဲ၊ သူက ကျွန်တော်နဲ့ ပြန်ဆက်သွယ်ချင်တယ်၊ ကျွန်တော်က ဒီမှာ အိမ်ထောင်နဲ့ ကလေးတွေတောင် အတော်ကြီးနေပြီ - -
ဘယ်လိုလုပ်ကြမတုံး။
        ကျွန်တော်က - -ငါ့မှာ အိမ်ထောင်ရှိတယ်၊ ကလေးရှိတယ်လို့ ပြောလည်းမရဘူး၊ သူက အစ်ကို ကျွန်မဆီကို လူပဲလာခဲ့ပါတဲ့၊ ကျွန်မမှာ အိမ်ရှိတယ်၊ ကားရှိတယ်၊ ရွှေရှိတယ်၊ ငွေရှိတယ်၊ နိုင်ငံခြားမှာ အလုပ်သွားလုပ်လာတာ ငွေတွေအများကြီးပါလာတယ်တဲ့ - -။
        ဆရာရေ ကျွန်တော်လည်း ယောကျာ်းပါ - - အာရုံသစ်တွေကို
        ခံစားချင်ပါတယ် ဒါပေမဲ့ ကျွန်တော်တို့ရဲ့ မိသားစုဘ၀လေးကို မပျက်ချင်ဘူး ကျွန်တော်ကို မှီခိုနေတဲ့ မိသားစုမျက်နှာငယ်ရမဲ့ အလုပ်မျိုးကို ကျွန်တော်မလုပ်ချင်ဘူး''
        ကျွန်ုပ်နှင့် ကိုကျော်တို့နှစ်ယောက် ၄င်းကိစ္စကိုဆွေးနွေးပြီး တစ်ပတ်ခန့်အကြာတွင် ကိုကျော်နှင့် အချစ်ဟောင်းပြဿနာအား သူ့ဇနီးသိသွားပြီး လင်မယားနှစ်ယောက်စကားများကြပါသည်။
        ''ဆရာရေ - -ဟိုနေ့ကလည်းက ကျွန်တော်ပြောတယ် ကျွန်တော်ကို တစ်ခုခုယတြာလုပ်ပေးပါလို့ အခုတော့ ပြဿနာတွေတက်ကုန်ပြီ
        ကျွန်ုပ်သည် ကိုကျော်အား ပြုံး၍ကြည့်လိုက်ပြီး ''ဖြည်းဖြည်းပေါ့ကိုကျော်ရယ်- - -
အချိန်မတန်သေးလို့ပါ ကိုကျော်က ကြာသပတေး သက်ရောက်ကစနေသက်ရောက်ဆိုတော့ (ဓမ္မာ) အတွင်းရန်ဖြစ်နေတယ် ပြဿနာကတစ်မျိုးမဟုတ်တစ်မျိုးဝင်မှာဘဲ''
        ကျွန်ုပ်သည် ကိုကျော်တို့လင်မယားအား ချစ်စေလိုမှုဓါတ်ကိုဆင်ပေး၍ သူ၏ငယ်ရီးစားနှင့် ဝေးစေလိုသော ဓါတ်ကိုဆင်ပေးလိုက်ရာ နောက်တစ်ပတ်ခန့်အကြာတွင် - - -
        ''ဗျို့ - - ဆရာထွဋ်''
ကျွန်ုပ်သည် ဟောခန်းဝမှ အသံဗြဲကြီးနှင့် အော်ဟစ်ဝင်လာသောအသံကြောင့် လိုက်ကာစည်းကို ဖယ်ကြည့်လိုက်ရာ
        ''ဟော ကိုကျော်ပါလား လာဗျာ''
        ''လာပါပြီဆရာရယ် ဆရာဆီကိုဘဲ တကူးတကပဲလာခဲ့တာ ကျွန်တော်တော့ အဆင်ပြေသွားပြီ ဆရာရေ''
        ''ဘာတွေများ အဆင်ပြေသွားတာလည်း ကိုကျော်ရဲ့''
        ''ဒီလိုဆရာရေ ကျွန်တော်ငယ်ရည်းစားဆိုတာလေ သူအခုရန်ကုန်မှာ မရှိတော့ဘူးဗျ''
သူ့ကုမ္ပဏီကျတောင်ကြီးမှာလုပ်တော့ ဟိုမှာအုပ်ချုပ်မှုဒါရိုက်တာမရှိလို့ သူပါလိုက်သွားရတယ် လောလောဆယ်တစ်အေးသွားပြီ ဆရာရေ
        ကျွန်ုပ်သည် ကိုကျော်အား ကြည့်၍ ပြုံးလိုက်မိလေသည်
        ''သြော် ကိုကျော် ကိုကျော် မိန်းခလေးတွေဘဲ ချစ်ဒုက္ခရှိမယ်ထင်ထားတာ ခုတော့ ပုရိသတွေရဲ့ ချစ်ဒုက္ခတွေကလည်း မသေးပါလား။
        ကျွန်ုပ်သည် ဟောခန်းတွင်းမှ ပြန်လည်ထွက်ခွားသွားသော ကိုကျော်၏ ကျောပြင်အားငေးကြည့် ရင်း ကျွန်ုပ်ကြုံဘူးသော ကျော်နှစ်ကျော်၏ချစ်ဒုက္ခ ဒါမှမဟုတ် ပုရိသတို့၏ ချစ်ဒုက္ခများအား ပြန်လည် တွေးတော နေမိပါသည်။
        လောကဓံပညာရပ်တွင် အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေသက်ရောက်များသို့ ရောက်ရှိလာပါကမည်သူမဆို အိမ်ထောင်ရေးပြဿနာများ ပေါ်ပေါက်လာနိုင်ကြောင်း အချိန်မှီကာကွယ်မှုများ လုပ်သင့်ကြောင်း မိမိကိုယ်တိုင်ကလည်း ကိုယ်ကျင့်သိက္ခာရှိဘို့လိုအပ်ကြောင်း ဦးကျော်ကဲ့သို့ မဆင်ချင်မှုများကို ရှောင်ကျဉ်၍ ကိုကျော်ကဲ့သို့ စဉ်းစားဆင်ချင်ကာ ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်ကြောင်း - - -။
        ထိုသို့ ကာကွယ်မှုနှင့် ရှောင်ကျဉ်မှုများပြုလုပ်ပါက လောကဓံကိုအေးချမ်းစွာ ကျော်ဖြတ်နိုင်မည် ဖြစ်ကြောင်း စေတနာထား၍ အကြံပေးတိုက်တွန်းလိုက်ရပါသည်။
                          

         


ညားသူတိုင်းလည်းချစ်ကြပါစေ


ညားသူတိုင်းချစ်ကြပါစေ

          ကျွန်ုပ်ဆောင်ရွက်ပေးလိုက်တဲ့ အိမ်ထောင်ရေးကိစ္စတွေ တော်တော်များများအောင်မြင်မှု ရရှိတယ်ဆိုတဲ့ သတင်းတွေထွက်လာတော့ ကျွန်ုပ်ကို ကျွန်ုပ်ရဲ့မိတ်ဆွေက နှလုံးသားအထူးကုလို့ခေါ်လို့ခေါ် နှလုံးရောဂါ ဆရာဝန်လို့ခေါ်လို့ခေါ် အမျိုးမျိုးကင်ပွန်းတပ်ကြပါတယ်။ သူတို့က ကျွန်ုပ်ကို ဘယ်လိုပဲကင်ပွန်းတပ်ကြပါစေ။ ကျွန်ုပ်ကတော့ဘာမှမပြောဘဲ ပြုံးလို့သာနေခဲ့ပါသည်။
          ကျွန်ုပ်က ဘာမှမပြောလိုပါဘူးဟု ဆိုပေမယ့်ပြောချင်နေတဲ့ မိန်းကလေးတစ်ယောက်ကြောင့် ကျွန်ုပ်ရဲ့ ဘ၀မှာ မှတ်တမ်းတစ်ခု တိုးခဲ့ရပုံကတော့ - - -
          ''မျိုးတို့ရဲ့ကိစ္စကို ဆရာကလွဲလို့ ဘယ်သူမှမကူညီနိုင်ဘူးလို့၊ အိမ်ဘေးနားက သူငယ်ချင်းက ပြောလိုက်လို့ သူ့တို့အိမ်ထောင်ရေးကိစ္စကိုလည်း ဆရာကပဲဖြေရှင်းပေးတာ အခုအဆင်ပြေသွားပြီတဲ့
          အဲဒါက သူနဲ့ကျွန်ုပ်စတွေ့တွေ့ချင်းကပြောတဲ့စကား - - - ။ သူ့နာမည်က မျိုးမျိုး။ အသက် (၃၀)ကျော်နေ ပေမယ့် သူ့ရဲ့နုနယ်တဲ့မျက်နှာလေးကြောင့် ကျွန်ုပ်သူ့ကို (၂၀)ကျော်လောက်ပဲရှိမယ်လို့ ထင်ခဲ့မိတယ်။
          အဲဒီနေ့က သူနဲ့အတူ အဖော်တစ်ဦးပါလာသေးတယ်။ အဲဒီအဖော်က သောကြာသမီး။ သူတို့နှစ်ယောက် လည်း ကျွန်ုပ်ဆီကို တော်တော်ခက်ခက်ခဲခဲရှာလာရတာ ကျွန်ုပ်က အရင်ဟေမ၀န်ဈေးမှာ ဟောခန်းရှိတယ်။ အခုတော့ အမှတ်(၂၇၄) ၊မိဂသီ(၂၀)လမ်း၊ တောင်ဥက္ကလာပနေ အိမ်နဲ့ ကျိုက္ကဆံဘုရားအနောက်ဘက်မုခ် ဟောခန်းမှာပဲ ဟောတော့တယ်။
          မမျိုးမျိုးဆိုသူ မိန်းမချောလေးသည် သူ့အိမ်ထောင်ရေးကိစ္စကို ပွင့်ပွင့်လင်းလင်းပြောပြချင်တယ်ဟု ဆိုလာပါသည်။
          ကျွန်ုပ်ကလည်း သူရဲ့မွေးသက္ကရာဇ်အပြည့်အစုံကိုသိရပါက ပွင့်ပွင့်လင်းလင်းပဲ ဟောမည်ဟုပြန်ပြောခဲ့ ပါသည်။ သူမပြောပြသော ခုနှစ်သက္ကရာဇ်မအရ - - -
အမည်           -        မမျိုးမျိုး
မွေးသက္ကရာဇ်  -        ၂၄-၆-၇၆၊ ကြာသပတေးသမီး
ဗေဒင်စစ်ဆေးသည့်နေ့ရက် - ၂-၉-၀၇၊တနင်္ဂနွေနေ့ (မနက် ၁၁း၄၅)မိနစ်
ခေါ်ဆောင်လာသောအဖော်နိမိတ်      -        သောကြာသမီး
                                   
                                   
                                   
                  -၁-               -၁-
                                   
                                   
                                   
          (နေ့တိုင်)                 (အချိန်တိုင်)
(နေ့အဋ္ဌလဂ်) တနင်္လာတိုင်သည် ဒုက္ခံလောကမှာ --- လာရောက်၍ ရပ်တည်နေသောကြောင့် ကာယကံရှင်သည် အတူပူးတွဲအုပ်များနှင့် ပြဿနာတက်ခြင်း၊ အိမ်ထောင်ရေးသောကများကြုံခြင်းဟု ယူဆရပါမည်။
(နေ့တိုင်)       ကာယကံရှင်မွေးနေ့သည် (န၀င်းမှာ)ရပ်တည်ပြီး အချိန်တိုင်း၌ စတုရန်းဌာနတွင် ရပ်တည်နေ သောကြောင့် ဇာတာရှင်သည် တစ်ချိန်က ဥာဏ်ကောင်းသူ၊ ပညာထူးချွန်သူဖြစ်ကြောင်း၊ ကျောင်းဆရာမ (သို့) အတတ်ပညာကို ဥာဏ်နှင့်လုပ်ကိုင်စားသောက်သူဖြစ်ကြောင်းနှင့် အချိန်တိုင် (နာ)ကြောင့် အိမ်ထောင်ရေး ပြဿနာများကြုံတွေ့နေရကြောင်း အကြမ်းယူဆရပါမည်။
(လောကဓံ)    ကာယကံရှင် အသက် (၃၂)နှစ်မှာ စနေဂြိုဟ် (နိန္ဒာလောကဓံ)ဖြစ်သောကြောင့် ကာယကံရှင် မွေးနံ ကြာသပတေးနှင့်စနေဂြိုလ်သည် (၅ x ၀) ဓမ္မာအတွင်းရန် သက်ရောက်နေသောကြောင့် အတွင်းအုပ်စု ပြိုကွဲခြင်း၊ အိမ်ထောင်ဘက်နှင့်မသင့်မြတ်ခြင်း၊ အတူနေအုပ်စုများ စိတ်ဝမ်းကွဲခြင်း အစရှိသည်တို့ကို ကြုံတွေ့နိုင် ပါသည်။ (မူလမဟာဘုတ်) ဇာတာရှင်၏ မဟာဘုတ်ဇာတာမှ (၁)ကြွင်း၊ ကြာသပတေးဖြစ်သောကြောင့် လူအကျိုး မပေးခြင်း၊ တပည့်သားသမီးအကျိုးမပေးခြင်း၊ အိမ်ထောင်ဘက်အကျိုမပေးခြင်း၊ အိမ်ထောင်ရေးကံမကောင်းခြင်း၊ အစရှိသည်တို့ကို ကြုံတွေ့နိုင်ပါသည်။
          (ဂြိုဟ်အိပ်ကြီး) ဇာတာရှင်သည် သောကြာဂြိုဟ်တွင် ဂြိုဟ်အိပ်သောကြောင့် မွေးနံကြာသပတေးနှင့် သောမ (အညမည)ဂြိုဟ်ခြင်း သဘောတူပြီး မူလဇာတာခွင်တွင် သောကြာဂြိုဟ်ရာဇအိမ်တွင် ရပ်တည်မှုကြောင့် ဇာတာရှင်၏ ကံ(အကြောင်း)တရားမှာ မညံ့ကြောင်းသိရပါသည်။
          ကျွန်ုပ်၏ဆုံးဖြတ်ချက်
          ကျွန်ုပ်သည် ၄င်းမမျိုးမျိုးဆိုသော မိန်းကလေးအား - - -
          '' ကဲ - - -သမီး၊ မင်းရဲ့အိမ်ထောင်ဘက်က ခရီးတစ်ခုကို ထွက်သွားလိမ့်မယ်၊အဲဒီခရီးမှာ မိန်းကလေး အဖော်ပါတယ်။ အဲဒီကိစ္စကို မိန်းကလေးစိတ်ထဲမှာ ဘ၀င်မကျဖြစ်နေတယ် မဟုတ်လား''
          ''ရှင် - - -ဟုတ် - - - ဟုတ်ပါတယ်ဆရာ''
          ''အေး - - -ဒါဆိုရင် ဘာမှစိတ်မပူနဲ့ မင်းယောကျာ်းခရီးထွက်သွားတာ စီးပွာရေးကိစ္စနဲ့ပဲ ပတ်သက်တယ်။
အိမ်ထောင်ရေးကိစ္စဘာမှမပါဘူး။ မိန်းကလေးစိတ်ထဲမှာ သံသယရှိရင် အားလုံး ဖျောက်ပစ်လိုက်တော့ - - -
          ကျွန်ုပ်ဟောကြားချက်များကြောင့် မိန်းကလေး၏ မျက်ဝန်းအစုံတွင် မျက်ရည်များဝဲလာကာ - - -
          '' ဆရာပြောတာတကယ်လား - - - ဆရာ''
          ''သြော် - - -သမီးကို ဆရာက မမှန်တာပြောပါ့မလား။ ဒီက ကိန်းတွေက ဒီလိုပဲအဖြေထွက်လို့ သမီးကို အဲဒီလိုဟောလိုက်တာ - - -''
          ''ဒါဆိုလည်း ၀မ်းသာလိုက်တာ ဆရာရယ်။ ကျွန်မအမျိုးသားက နယ်ဘက်တွေမှာ အလုပ်သွားလုပ်တာပါ။ အဲဒီမှာ သူနဲ့ခရီးသွားဖော်ထဲမှာ အမျိုးသမီးတစ်ယောက်ပါတယ်။ ကျွန်မလည်း အစကတော့ ဒီလောက် မဟုတ်ပါဘူး။ ဒါပေမဲ့နောက်ပိုင်းသူတို့နေပုံထိုင်ပုံက အရမ်းကို ရင်းနှီးလွန်းနေတော့ - - -''
          ''ဆရာတို့ပညာခွင်မှာ သမီးအမျိုးသား အိမ်ထောင်ရေးဖောက်ပြန်တယ်လို့ ပြမထားဘူး၊ ဒါပေမဲ့ သမီးရဲ့ ကံအပိုင်းအခြားမှာ ဒီပြဿနာကြောင့် သမီးတို့အိမ်ထောင်ရေးပြိုကွဲနိုင်တယ်။ သံသယကို ဖျောက်နိုင်ရင်တော့ ဒီပြဿနာမဖြစ်နိုင်ပါဘူး။
          နောက်ပြီး သမီးရဲ့ဇာတာအရ အိမ်ထောင်ဘက်ကို ကိုယ်ကအနစ်နာခံရင် အိမ်ထောင်ဘက်အကျိုးကို ပြန်ရလိမ့်မယ်။ သူ့အပေါ်မှာ သံသယအမြဲဝင်နေရင် တစ်နေ့နေ့သမီးပဲ ဒုက္ခရောက်မှာ -''
          မိန်းကလေးသည် ကျွန်ုပ်၏ စနစ်တကျရှင်းပြမှုကြောင့် -
          ''အခုလိုရှင်းပြတာ ကျေးဇူးတင်လိုက်တာဆရာရယ်၊သမီးရင်ထဲမှာ အလုံးကြီးတစ်ခုကျသွားသလိုပဲ''
          ''ရပါတယ် သမီးရယ်၊ ဆရာဖြေရှင်းပေးလိုက်လို့ အိမ်ထောင်ရေးကိစ္စတော်တော်များများ အဆင်ပြေသွား ကြပါတယ်။ ဆရာတို့ပညာမှာ ချစ်သူတိုင်းညားဖို့ထက် ညားသူတိုင်းချစ်ဖို့ကို ပိုပြီးဂရုစိုက်ဆောင်ရွက်ပေးပါတယ်။ ချစ်သူတိုင်းညားဖို့ဆိုတာ ကံပါမှဖြစ်တာ။ ညားသူတွေကြတော့ အိမ်ထောင်ရေးတည်တဲ့ခိုင်မြဲဖို့။ တစ်သက်လုံး ချစ်သွားဖို့ကတော့ ကံနဲ့မဆိုင်ဘူး ဥာဏ်ရှိဖို့လိုတယ်။ ဆရာတို့ပညာမှာ ကိုယ်ယူထားတဲ့ အိမ်ထောင်ဘက်ရဲ့ စိတ်နေစိတ်ထား သူ့ဥာဉ်တွေကို ရှင်းပြပေးတယ်။ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်၊ အားသာချက်တွေကို ဆရာတို့အနေနဲ့ ဗေဒင်လာတွက်တဲ့သူကို ရှင်းပြတယ်။ ပြီးမှ ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ သူ့အကြိုက်ကို ကိုယ်ကသိပြီဆိုတော့ သူနဲ့ဘယ်လိုနေရမယ်ဆိုတာ ကိုယ်ကနားလည်ပြီပေါ့။ ဆရာတို့ကတော့ ဇာတာတစ်ခုရဲ့ အလင်းပိုင်း၊ အမှောင်ပိုင်းနှစ်မျိုးလုံးကို သိတယ်။
          ကျွန်ုပ်သည် ဗေဒင်ဟောကြားမှုကို ခေတ္တမျှရပ်၍ မမျိုးမျိုးဆိုသော မိန်းကလေး၏မျက်နှာကိုကြည့်လိုက်ရာ မိန်းကလေး၏ ပန်းနုရောင်းနှုတ်ခမ်းလေးအစုံမှာ ပြုံးရောင်သန်းလာပြီး ကျွန်ုပ်အား  -
          'ဆရာက ဇာတာရှင်တွေရဲ့ဥာဉ်ကို တော်တော်ကိုသိတာပဲနော်'
          '' ဒီလိုရှိတယ်သမီး၊ လောကကြီးမှာ ပူခြင်း၊ အေးခြင်း၊ ဆန့်ကျင်ဘက်တွေရှိတယ်။ အပူကို အပူနဲ့ထိန်းပြီး အအေးကို အအေးနဲ့ပြန်ထိန်းရတယ်။ ကိုယ့်ရဲ့အိမ်ထောင်ဘက်ဟာ ဘယ်လိုအုပ်စုထဲကလဲဆိုတာပဲ ကိုယ်သိဖို့ လိုတယ်''
          ကျွန်ုပ်၏လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များသည် တစ်နေ့ထက်တစ်နေ့များသည်ထက်များ၍ တိုးသထက်တိုးတိုး လာသဖြင့် မျိုးမျိုးဆိုသော မိန်းကလေးကိစ္စကို မေ့သလောက်ရှိနေချိန်တွင်-
          ''ဆရာရေ''
          ဟု အိမ်ရှေ့မှခေါ်လိုက်သော မိန်းကလေး၏ခေါ်သံကြောင့် ကျွန်ုပ်သည် ရေးလက်စစာမူအားခဏထား၍ အိမ်ရှေ့သို့ထွက်လာခဲ့မိပါသည်။
          ''သြော် - - -မမျိုးမျိုးတို့ပါလား''
          မမျိုးမျိုးသည် ကျွန်ုပ်၏ရှေ့တွင်ခင်းထားသော ဖျာပေါ်၌ အသာအသာကြုံကြုံလေး ၀င်ထိုင်လိုက်ရင်း
          ''ကျွန်မရဲ့ အိမ်ထောင်ရေးပြဿနာကတော့ ပြေလည်သွားပါပြီ ဆရာရေ။ ဒါပေမယ့် ဒီက ကျွန်မရဲ့ သူငယ်ချင်းကသူ့အိမ်ထောင်ရေးကိစ္စလေးကို ဆရာကိုတိုင်ပင်ချင်လို့ပါတဲ့''ဟု ဆိုကာ သူ၏ဘေးမှအသက် (၃၅)နှစ်ခန့် မိန်းမပျိုတစ်ဦးအား လက်ညိုးလေးထိုးကာဖြင့် ပြုံးစိစိဖြင့် ကျွန်ုပ်အားပြလေသည်။
          သြော် - - ကျွန်ုပ်ရဲကအဖြစ်က ညားသူတိုင်ကိုချစ်အောင်လပ်ပေးရတဲ့ နှလုံးရောဂါအထူးကုဆိုတာ သူတို့ ပြောတာမှန်နေပါလား။