Friday, July 24, 2020
ဘာနက္ခတ်လည်း
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ (၃)ဖြင့်စားပါ။ (၀၊ ၁၊ ၂)စသည်ဖြင့်အကြွင်းများကို တွေ့ရမည်ဖြစ်သည်။ 
(၁)ကြွင်းလျှင် နတ်နက္ခတ် ၊ (၂)ကြွင်းလျှင် လူနက္ခတ် ၊ (၀)ကြွင်းလျှင် ဘီလူးနက္ခတ် ဖြစ်သည်။
နတ်နက္ခတ်
=======
          ထိုသူတို့သည် လူဖြောင့်စိတ်တိုများဖြစ်ကြသည်။နေရာတကာတွင်စိတ်ငြိမ်ခြင်းနှင့် သည်းမခံတတ်ခြင်း၊ အားမနာတတ်ခြင်းများ အပြည့်အ၀ရှိသောသူများဖြစ်သည်။မည်သူနှင့်မဆို အပြိုင်အဆိုင်၊ အတိုက်အခိုက်ပြုလုပ်တတ်သော လူတန်းစားမျိုး ဖြစ်သည်။ အပြောအဆို ယဉ်ကျေးသိမ်မွေ့ သလောက် စိတ်ဓါတ်ရေးရာမှာ လွန်စွာကြောင့်ဖို့ကောင်းသော သူများဖြစ်သည်။ အရာရာကို တဇွတ်ထိုး လုပ်ကိုင်တတ်သူများလည်းဖြစ်သည်။ မိဘ၊ ညီအစ်ကို မောင်နှမများနှင့်ပတ်သက်လျှင် မည်ကဲ့သို့သော အကြောင်းအရာ ကြုံတွေ့ပါစေ ကိုယ်နှင့်မဆိုင်သလိုနေတတ်ကြသည်။ အနေအထိုင် တည်ကြည်ခန့်ညားသည်။ ၄င်းတို့၏ တယူသန်စိတ်များသည် မိမိတို့၏ဘ၀ကို ပြောင်းလဲပျက်စီးစေတတ်သည်။ မိသားစုနှင့်ပတ်သက်ပြီး အနစ်နာခံမှု မရှိသော်လည်း ပတ်ဝန်းကျင်မိတ်ဆွေ အပေါင်းအသင်းနှင့် ပါတ်သက်လျှင် ကူညီပံ့ပိုးသော လူတန်းစားမျိုးဖြစ်သည်။
          ထိုလူများသည်အပေါင်းအသင်း၊ ဆရာသမားများ၏ ကူညီမှုကို မကြာခဏရရှိတတ်သည်။ ငွေမရှိလျှင်မနေတတ်သောလူတန်းစားမျိုးဖြစ်သည်။ လောဘကြီးသော လူတန်းစားများ မဟုတ်ပေမယ့် လွန်စွာချမ်းသာချင်သောလူများဖြစ်ပါသည်။
          သီချင်းသီဆိုမှု၊ ကခုန်မှုများကိုလည်း နှစ်သက်ကြသည်။ မိမိတို့ကိုယ်တိုင်လည်း စတိုင်ကျကျ နေတတ်သူများဖြစ်သည်။ တစ်ခုခုလုပ်ချင်မိပြီဆိုလျှင် မိဘရှိသည် မရှိသည်ကို ထည့်ဂရုမစိုက်၊ နားပူတိုက်လေ့ရှိသော လူတန်းစားမျိုးဖြစ်သည်။ ထိုသူတို့သည် အချစ်ရေးတွင် အဆင်ပြေမလိုလို၊ ဟုတ်မလိုလိုနှင့် ရည်ရွယ်ထာသူများနှင့် ကွဲကွာရတတ်သည်။ မရည်ရွယ်သောသူများနှင့် ဖူးစာပါတတ်သည်။ ဘာသာတရားနှင့် ပါတ်သက်၍ လွန်စွာမှအရေးကြီးပါသည်။ ဘုန်းကြီး၊ ကျောင်းကန် သွားသောသူများနှင့် တွေ့လျှင် ကောင်းမှုလုပ်ချင်စိတ်များ ပေါ်ပေါက်ပြီး မူးယစ်ဆေးဝါး၊ လောင်းကစားသုံးစွဲသူများနှင့်တွေ့လျှင် မကောင်းသောဘက်သို့ ပါသွားတတ်သည်။
          ထိုသူတို့၏စိတ်နေသဘောထားသည် တည်ငြိမ်မှုလုံးဝမရှိပေ၊ ဘ၀တွင်စိတ်ဝေဒနာခံစားရပြီး ရူးသွပ်သွားခြင်း၊ ပြင်းထန်သော ပေါက်ကွဲမှုများ ထိခိုက်မိခြင်း၊ အမြင့်ပေါ်မှအောက်သို့ ကျတတ်ခြင်းများ ဖြစ်တတ်သည်။
          လိုက်နာရမည့်အချက်များမှာ လူ့အောက်ကျို့၍ပေါင်းပါ။ သူတစ်ပါးကိုအားမကိုးပါနှင့်၊ ကိုယ်ပေါင်း စိတ်ခွာပြုကျင့်ပါ။ စိတ်ရှည်သည်းခံတတ်ခြင်းရှိအောင် ပြုကျင့်ပါ။ ဤကဲ့သို့ လိုက်နာဆောင်ရွက်ပါက အောင်မြင်သောပုဂ္ဂိုလ် ဖြစ်ပါလိမ့်မည်။
လူနက္ခတ်
======
          ထိုသူတို့သည်စိတ်တိုခြင်း၊ နှုတ်ထွက်စကားကြမ်းခြင်း၊ ဘုဘောက်ဆက်ဆံခြင်း၊ အတိုက်အခိုက်စိတ်ကြီးမားခြင်း၊ မျိုသိပ်မထားနိုင်ခြင်းတို့သည် စိတ်ပိုင်းဆိုင်ရာများကို သရုပ်ဖော်နေခြင်းဖြစ်သည်။
          ဤနက္ခတ်ပိုင်ရှင်တို့သည် ငယ်စဉ်အခါတွင် ဒုက္ခအခက်အခဲပေါင်းစုံနှင့် ကြုံတွေ့ရတတ်သည်။ မိမိ၏ဘ၀ ပထမအရွယ်ထိ ဒုက္ခအခက်ခဲများကို မည်သို့ပင်ကြုံတွေ့စေကာမူ ကြံ့ကြံ့ခိုင်၍ အောင်နိုင်သောသူများ ဖြစ်သည်။ အရာရာကိုလေ့လာလိုက်စားတတ်သည်။ ဘ၀၏ အခက်အခဲများကိုဖြတ်သန်းရာမှ ပြောင်းလဲမှုများကြုံတွေ့ရတတ်သည်။ မွေးရပ်မြေမှလွင့်ပါး ပြောင်းရွှေ့နေထိုင်ခြင်း၊ အိမ်ထောင်ရုတ်တရက်ကျခြင်း၊ ပျက်စီးလွယ်ခြင်း၊ မွေးချင်းမိဘများနှင့် ခွဲခွာနေရခြင်း ကြုံတွေ့ရမည်ဖြစ်သည်။ ထိုသူတို့သည် မိမိအပေါ်သို့တင်စီးသော စကားများပြောဆိုခြင်းကို လုံးဝမခံချင်သောသူများဖြစ်သည်။ ချက်ချင်းဆိုသလို တုန့်ပြန်တတ်ကြသည်။ ဥာဏ်ရည် ဥာဏ်သွေးကောင်းသောသူများလည်းဖြစ်တတ်သည်။ ဘ၀ပေးပညာကို ပိုင်ပိုင်နိုင်နိုင်တတ်ကျွမ်းသော သူများလည်းဖြစ်သည်။ ကျန်းမားရေးနှင့် ပါတ်သက်လျှင် ခံတွင်းနှင့် သွားပျက်စီးလွယ်ခြင်း၊ လေအောင့်၊ ရင်အောင့်ဖြစ်တတ်ခြင်း၊ ခြေထောက်ထိခိုက်ပျက်စီးခြင်း၊ ခွဲစိတ်ရောဂါများဖြစ်လွယ်ခြင်း၊ လေဖြတ်ခြင်းများကြုံတွေ့ရတတ်သည်။ အကြောင်းအရာတစ်ခုခုကို ဦးနှောက်ထဲတွင် အမြဲတစေစဉ်းစားလေ့ရှိကြသည်။ ကိုယ့်ဒူးကိုယ်ချွန်၍ အောင်မြင်ကျော်ကြားသူများလည်း ဖြစ်တတ်သည်။ ရံဖန်ရံခါ မိဘညီကိုမောင်နှမများကို အပြစ်တင်ပြောဆိုလေ့ရှိကြသည်။ မိသားစု၏ အကျိုးကျေးဇူးကိုမခံစားရသောသူများလည်းဖြစ်သည်။
          စီးပွားရေးနှင့်ပတ်သက်၍ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ အများသူငှာနှင့် ပေါင်းစပ်ပြီး လုပ်ကိုင်ရသောလုပ်ငန်းများ၊ အိမ်တွင်းစီးပွားရေးလုပ်ငန်းများ မဖြစ်ထွန်းနိုင်ပေ။ တည်ငြိမ်သောလုပ်ငန်း၊ အထိုင်ချသောလုပ်ငန်းဖြင့်သာ လုပ်ကိုင်၍အကျိုးပေးအောင်မြင်ဖြစ်ထွန်းမည်။ဥပမာ-ဗေဒင်ဆရာလုပ်ငန်းဖြင့် အောင်မြင်ကျော်ကြားတတ်သည်။
          လိုက်နာဆောင်ရွက်ရမည့်အချက်များမှာ စကားပြောသိမ်မွေ့ပါ။ အတိုက်အခိုင်သဘောရှောင်ပါ။ ခရီးသွားလာမှုများခြင်းကို ရှောင်ကြဉ်ပါ။ စိတ်ပိုင်း၊ ရုပ်ပိုင်းတည်ငြိမ်စွာနေထိုင်ပါ။ ရုတ်တရက် တဇွတ်ထိုး စကားပြောဆိုခြင်းကို ရှောင်ကြဉ်ပါ။ ဤကဲ့သို့လိုက်နာ ဆောင်ရွက်ပါက အောင်မြင်မှုရရှိမည်။
ဘီလူးနက္ခတ်
=======
          ထိုသူတို့သည် လူဖြောင့်စိတ်တိုများဖြစ်ကြသည်။ အရာရာကိုလေ့လာလိုက်စားသော သူများဖြစ်ကြသည်။ မိသားစု ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရသောသူများလည်းဖြစ်သည်။ အရာရာကိုလေ့လာလိုက်စားပြီး ဟိုစပ်စပ်၊ ဒီစပ်စပ်လုပ်တတ်သောသူများဖြစ်သည်။ ကျေးဇူးတရားကို သိတတ်သောသူများလည်းဖြစ်သည်။ ထိုသူတို့၏ စိတ်ဓါတ်သည် သူကောင်းလျှင် ကိုယ်ကောင်းမည်။ သူမကောင်းလျှင် ပြန်မကောင်းနိုင်သောသူများဖြစ်သည်။ ပေါင်းရသင်းရလွန်စွာခက်သောသူများဖြစ်သည်။
          ဤနက္ခတ်ပိုင်ရှင်များသည် ငယ်စဉ်အခါတွင်အခက်ခဲများနှင့် ကြုံတွေ့ရတတ်သည်။ အခက်အခဲ အကျပ်အတည်းများ ရင်ဆိုင်ရင်းနှင့်ပင် ငယ်စဉ်ဘ၀မှာ အသက်ဆုံးရှုံးမှုများအထိ ကြုံတွေ့ရတတ်သည်။ မသေ၍အသက်ရှင်လျက်ရှိသောသူများသည် သေလျှင်မြေကြီး ရှင်လျှင်ရွှေထီးဆောင်းရတတ်သည်။ ၄င်းတို့၏ဘ၀တွင် လေအောင့်၊ ရင်အောင့်၊ ဆီးနှင့် ကျောက်ကပ်၊ ဦးခေါင်းမူးမော်ခြင်းများကြုံတွေ့တတ်သည်။ ကျန်းမားရေးနှင့်ပတ်သက်လာလျှင် ငယ်စဉ်ကကြုံတွေ့ခဲ့သော ဒုက္ခအခက်အခဲများကြောင့်ရယ်မသိဖြစ်လျှင် ခဏတာဖြစ်ကြသည်။ ၄င်းတို့ဖြစ်သော ရောဂါများသည် ကုသလျှင်သော်လည်းကောင်း၊ မကုသလျှင်သော်လည်းကောင်း ကင်းစင်ပျောက်ကင်းနိုင်သည်။
          စီးပွားရေးနှင့်ပါတ်သက်၍ မိမိတစ်ဦးတည်း ဦးဆောင်ရသောလုပ်ငန်းများ၊ တည်ငြိမ်သောလုပ်ငန်းများ၊ အများအကျိုးနှင့်ပတ်သက်သောလုပ်ငန်းများကို ဆောင်ရွက်လျှင် အောင်မြင်ဖြစ်ထွန်းမည်ဖြစ်သည်။
          လိုက်နာဆောင်ရွက်ရမည့်အချက်များမှာ ထင်ပေါ်မှုလောဘထိန်းသိမ်းပါ။ မခံချင်စိတ်များလျော့ချပါ။ လူအများနှင့် အလိုက်သင့် ပေါင်းသင်းဆက်ဆံပါ။ ဤကဲ့သို့လိုက်နာဆောင်ရွက်ပါက အောင်မြင်မှုများကို ရရှိမည်ဖြစ်သည်။
No comments:
Post a Comment